Monday, 18 January 2016

၂ ဂဏန်းသမားများ

(2) ဂဏန်းသမားများ
ခရစ်သက္ကရာဇ်အရ 2 ရက် ၊ 11 ရက် ၊ 20 ရက် နှင့် 29 ရက်နေ့များတွင် မွေးဖွားသူများသည် 2 ဂဏန်း သမားများဖြစ်ကြသည်။

# ဝိသေသလက္ခဏာ

2 ဂဏန်းသည် ကျွန်ုပ်တို့၏ နေစကြာဝဠာအတွင်းတွင် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာဂြိုဟ်အား ဝန်းရံ
လှည့်ပတ်နေသော လမင်းစန္ဒာ ၏ အမှတ်လက္ခဏာလည်း ဖြစ်သည်။ ဂြိုဟ်အမည်အားဖြင့် ''တနင်္လာဂြိုဟ်'' ဖြစ်သည်။ ဓာတ်သဘော အရ ''အမဓာတ်''ဓာတ် ၊ ''ရေ'' ဓာတ်ဖြစ်သည်။ ထိုဝိသေသ လက္ခဏာများကြောင့်
(2)ဂဏန်း နေ့ရက်များတွင် မွေးသောသူများသည် အောက်ပါစရိုက် လက္ခဏာများ ရှိတတ်ကြသည်။

# စရိုက်လက္ခဏာ

အေးချမ်းစွာ နေလိုစိတ်ရှိသည်။ စိတ်ဓာတ် မာကြောမှုနည်းသည်။ ဝမ်းသာဝမ်းနည်း လွယ်သည်။
လူချမ်းသာခြင်းထက် စိတ်ချမ်းသာခြင်းကို ပိုမိုဦးစားပေးလိုသည်။ မိခင် ဆန်သော စိတ်ရှိသည်။ မိသားစုအပေါ်
သံယောဇဉ်ကြီးမှုများသည်။ စိတ်ကူးယဉ်တတ်သည်။ အနုပညာရပ် များကို ဝါသနာခုံမင်သည်။
တွေးတောဆင်ခြင်မှုများပြီး လက်တွေ့ပိုင်းတွင် အားနည်းတတ်သည်။ အသစ်အဆန်းကို တီထွင်ကြံဆရာ၌
ပါရမီရှိသူများဖြစ်သည်။ သို့သော် စိတ်ကူးဉာဏ်များကို လက်တွေ့အကောင် အထည်ဖော်နိုင်မှု
အားနည်းသောကြောင့် ဘဝတွင် ထူးချွန်သင့်သလောက် မထူးချွန်တတ်။ စိတ်နှစ်ခွဖြစ်လွယ်သည်။
ဆုံးဖြတ်နိုင်မှု အားနည်းတတ်သည်။ ''လမင်း'' သည် လပြည့်တစ်ခါ ၊ လဆုတ် တစ်ခါ ဖြစ်သကဲ့သို့ (2)
ဂဏန်းများ၏ စိတ်ခံစားမှုများမှာလည်း တက်ကြွပျော်ရွှင်ခြင်း နှင့် စိတ်ဓာတ်ကျ ဝမ်းနည်းခြင်းများ တလှည့်စီ
ဖြစ်နေတတ်သည်။

# စီးပွားရေးနှင့်အလုပ်အကိုင်

(2)ဂဏန်းသမားများသည် များသောအားဖြင့် ဘဝရည်မှန်းချက် ကြီးလွန်းလှသူများ မဟုတ်ကြချေ။
သူတို့သည် လူအများအား ခေါင်းဆောင်မှုပြုရန် ဝန်လေးတတ်ကြပြီး မိမိဘာသာ သီးခြား လုပ်ကိုင်ရသော
လုပ်ငန်းများ နှင့် လူအများကို ဖျော်ဖြေရသော လုပ်ငန်းများကို ပိုမိုနှစ်သက်တတ်သည်။ ထို့ကြောင့် (2)
ဂဏန်းသမား များသည် အနုပညာရှင်များ ၊ အသိပညာရှင် အတတ်ပညာရှင်များ ၊ နည်းပညာ အသစ်အဆန်း
တီထွင်သူများ ၊ စာရေးဆရာ သတင်းစာဆရာများ ၊ ပန်းချီပန်းပု ပိသုကာ ပညာရှင်များ ၊
စားသောက်ကုန်ထုတ်လုပ်သူများ ၊ အဝတ်အစား ဒီဇိုင်းပညာရှင်များအဖြစ် အကျိုးပေးတတ်ကြသည်။
အတွင်းရေးမှုးလုပ်ငန်း ၊ စာရင်းကိုင်လုပ်ငန်းများလည်း သင့်တော်တတ်ကြသည်။ သို့သော် ဝန်ထမ်းအလုပ်ဖြင့်
ရေရှည် သင့်တော်ကြသူများ မဟုတ်ပါ။ မိမိအတတ်ပညာဖြင့် အသက်မွေးခြင်းသည်သာ (2)ဂဏန်းသမား
များနှင့် အသင့်တော်ဆုံးဖြစ်တတ်သည်။

# အချစ်ရေးနှင့်အိမ်ထောင်ရေး

အချစ်ရေး နှင့် အိမ်ထောင်ရေးကိစ္စများတွင် ခံစားချက် ပြင်းထန်တတ်ကြပြီး ထိခိုက်ကြေကွဲ လွယ် ၊
ဝမ်းနည်းလွယ်တတ်ကြသည်။ အချစ်ရေးတွင် များသောအားဖြင့် ကံကောင်းလေ့ မရှိတတ်ကြပါ။
အိမ်ထောင်ရေးကံမှာလည်း သင့်ရုံသာ ရှိသည်။ (2)ဂဏန်းများသည် အိမ်ထောင် ရေးတွင် မပွင့်လင်းခြင်း ၊
စိတ်ကောက် စိတ်ဆိုးလွယ်ခြင်း ၊ ကလေးဆန်ခြင်းများ ရှိတတ်ကြ သောကြောင့် အိမ်ထောင်ရေး သာယာမှုတွင်
အခက်အခဲရှိနိုင်ပါသည်။

# ကျန်းမာရေး

(2)ဂဏန်းသမားများသည် များသောအားဖြင့် ကျန်းမာရေး ချုခြာ အားနည်းတတ်ကြလေ့ ရှိသည်။
ကျန်းမာရေး ထိခိုက်လွယ်သည်။ ထို့ကြောင့် ကျန်းမာရေးကို အခြားသော ဂဏန်းပိုင်ရှင် များထက်
ပိုမိုလိုက်စားရန် လိုသည်။ များသောအားဖြင့် အစာအိမ် အားနည်းတတ်ပြီး အစာလမ်းကြောင်း၊ အူသိမ်အူမကြီး
ဆိုင်ရာရောဂါများ အဖြစ်များတတ်သည်။ သွားရောဂါ ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါ၊ အမျိုးသမီးရောဂါများလည်း
အဖြစ်များတတ်သည်။ ရာသီအပြောင်းအလဲ အလိုက်ဖြစ်တတ်သော ရောဂါများလည်း ဖြစ်လွယ်တတ်သည်။

# ဘဝကံကြမ္မာ

(2)ဂဏန်းသမားများသည် ''လမင်း'' ၏ အမှတ်လက္ခဏာဖြစ်ခြင်းကြောင့် အေးချမ်းခြင်း သဘောကို
ဆောင်ယူသူများဖြစ်ပြီး လူအများ၏ နှစ်သက်မှုကို လွယ်ကူစွာ ရရှိနိုင်ကြသူများ ဖြစ်သည်။ သို့သော်
တကယ်လက်တွေ့ ပေါင်းသင်းကြည့်လျှင် ပေါင်းရသင်းရခက်သော သူများ ဖြစ်တတ်ပြန်သည်။ (2)
ဂဏန်းသမားများသည် စိတ်ထားနူးညံ့ခြင်း၊ စိတ်အပြောင်းအလဲ မြန်ခြင်း၊ စိတ်ခံစားချက် ပြင်းထန်ခြင်း ၊
စိတ်ထိခိုက်လွယ်ခြင်းတို့ကြောင့် ပေါင်းသင်းဆက်ဆံရေး နယ်ပယ်တွင် ပြဿနာများပြားတတ်သည်။ (2)
ရက်နေ့တွင် မွေးသောသူများသည် ခေါင်းမာတတ်ပြီး ပေါင်းသင်း ဆက်ဆံရေး ခက်ခဲတတ်ကာ ဘဝပြဿနာ
များတတ်သည်။ (11) ရက်နေ့မွေးသောသူများမှာမူ ဦးဆောင်မှု အရည်အသွေးရှိပြီး ပိုမိုလိမ္မာပါးနပ်ခြင်းကြောင့်
အောင်မြင်ကျော်ကြားတတ်ကြသည်။ (20) ရက်နေ့မွေးသူများမှာမူ မျိုးချစ်စိတ် ပြင်းထန်တတ်ပြီး
ကောင်းစားစရာရှိလျှင် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတတ်သည်။ (29) ရက်နေ့ မွေးသူများမှာ
စီးပွားရေး နှင့် ဘဝအောင်မြင်ရေးများတွင် စိတ်ပူရန် မရှိသော်လည်း အိမ်ထောင်ရေးကံ မကောင်းတတ်ကြချေ။
အိမ်ထောင်ဆက် များရန် အလားအလာရှိသည်။

# မိတ်ဘက် ရန်ဘက် ဂဏန်းများ

2 ဂဏန်းသည် - 1 ဂဏန်း 3 ဂဏန်း 5 ဂဏန်း 7 ဂဏန်း များနှင့် မိတ်ဘက်ကျပြီး -
4 ဂဏန်း 6 ဂဏန်း 8 ဂဏန်း 9 ဂဏန်းများ နှင့် သဟဇာတ မဖြစ်လှချေ။ အထူးသဖြင့် 2
ဂဏန်း သမား များသည် 4 ဂဏန်း နှင့် 8 ဂဏန်းများကို လုံးဝရန်ဘက်ကျသောကြောင့် အထူးရှောင်သင့်သည်။

ထို့ကြောင့် ဘဝခရီးလမ်းတွင် အဆင်ပြေချောမွေ့မှုများကို ရရှိရန် မိမိနှင့် တည့်သောဂဏန်း မွေးဖွားသူများနှင့်
ပေါင်းသင်းဆက်ဆံခြင်း ၊ ထိုနံပါတ်များများပါသော အိမ်နံပါတ် ၊ ကားနံပါတ် များကို ရွေးချယ်ခြင်း ၊
အရေးကြီးသော ကိစ္စများ လုပ်ဆောင်ရန် နေ့ရက်များအတွက် မိတ်ဘက်ဂဏန်းများကို ရွေးချယ်ပြီး
ရန်ဘက်ဂဏန်းများကို ရှောင်ရှား ခြင်းဖြင့် ကောင်းကျိုးများ ပိုမိုရရှိ စေနိုင်သည်။

# ကံကောင်း/ကံညံ့ ဖြစ်စေနိုင်သော အသက်ပိုင်းများ

2 ဂဏန်းသမားများသည် (ယေဘူယျအားဖြင့်) အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း 4 ဂဏန်း 6
ဂဏန်း 8 ဂဏန်း 9 ဂဏန်းများ နှင့် မတည့်လှသောကြောင့် မိမိအသက်သည် တစ်လုံးတည်း ပေါင်းခြင်းဖြင့် 4 ,
6 , 8 , 9 ဂဏန်းများဖြစ်နေပါက ထိုနှစ်များသည် များသောအားဖြင့် ကံမကောင်း တတ်ချေ။ 1 , 3 , 5 , 7
ဂဏန်းများဖြစ်နေပါက ထိုနှစ်များသည် ကံကောင်းသော နှစ်များ ဖြစ်တတ်သည်။ မိမိ၏ မွေးဂဏန်း ဖြစ်သော 2
ဂဏန်း ပြန်ကျသော နှစ်မှာမူ အကောင်းအဆိုး ရောနှောနေတတ်သည်။

(သို့သော် အထက်ပါ အသက်ပိုင်းများသည် ''ပုံသေ'' နည်းမဟုတ်ပါ။ အကြမ်းဖျဉ်းမျှသာ
ဖြစ်ပါသည်။ ယေဘူယျအားဖြင့် မှန်ကန် တတ်သောကြောင့် သတိပြုနိုင်စေရန် ဖြစ်ပါသည်)။ မြန်မာ့ မဟာဘုတ်
နည်းစံနစ်ဖြင့် ''ကောင်းသော သက္ခတ် ၊ ဆိုးသော သက္ခတ် ၊ ဘုမ္မိကြီး ၊ ဘုမ္မိလေး ကျခြင်း ၊ သက်ရောက် နှင့်
ဂြိုဟ်စား ပက္ခတ် မိခြင်း/ မမိခြင်း စသော အချက်များဖြင့် တိုက်ဆိုင်ရန် လိုအပ်ပါသည်)

# 2 ဂဏန်းသမား ကမ္ဘာကျော်ပုဂ္ဂိုလ်အချို့

= ဂျာမဏီ အာဏာရှင် အဒေါ့ဖ်ဟစ်တလာ - 20 ရက်ဖွား

= နာဇီ ဂျာမဏီ ဝါဒဖြန့်ချိရေးမှူး ဂျိုးဇက်ဂိုးဘ်လ် - 20 ရက်ဖွား

= အီတလီ အာဏာရှင် မွတ်ဆိုလိုနီ - 29 ရက်ဖွား

= လုပ်ကြံခံ အမေရိကန် သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ - 29 ရက်ဖွား

= ကမ္ဘာကျော် တီထွင်သူကြီး သောမတ်အက်ဒီဆင် - 11 ရက်ဖွား

= အမေရိကန် လူရွှင်တော်ကြီး ဘော့ဗ်ဟုတ် - 29 ရက်ဖွား

= ကမ္ဘာကျော် အမျိုးသမီး အဆိုကျော် ဘရစ်တနီစပီးယား - 2 ရက်ဖွား

= Pop ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် - 29 ရက်ဖွား

= ရာဘာ နှင့် မော်တော်ကားတာရာတီထွင်သူ ချားလ်ဂွတ်ရီးယား - 29 ရက်ဖွား

= စူပါမော်ဒယ် စင်ဒီကရောဖို့ - 29 ရက်ဖွား

= လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့သူ ကုလသမ္မဂအတွင်းရေးမှူး ဒက်ဟမ္မာရှိုး - 29 ရက်ဖွား

= ဘောလုံးစတား - ဒေးဗစ်ဘက်ခ်ဟမ်း - 2 ရက်ဖွား

= ချဲဆီးဘောလုံးအသင်း စူပါစတား ဒီဒီယာ ဒရော့ဘာ - 11 ရက်ဖွား

= အမေရိကန်နိုင်ငံ စတိုးဆိုင်များပိုင်ရှင် ဂျွန်ဝါနာမိတ်ကား - 11 ရက်ဖွား

= ဟောလီဝုဒ် မင်းသားချော - ဂျူဒ်လော - 29 ရက်ဖွား

= မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမိုဟာသီယာမိုဟာမက် - 20 ရက်ဖွား

= မြန်မာနိုင်ငံ၏ လက်ရှိ သမ္မတကြီး ဦးသိန်းစိန် - 20 ရက်ဖွား

= အိန္ဒိယနိုင်ငံ လွတ်လပ်ရေးဖခင်ကြီး - မဟတ္တမဂန္ဒီ - 2 ရက်ဖွား

= ဆိုဗီယက်ယူနီယံကြီး၏ နောက်ဆုံးခေါင်းဆောင် - မီးခေးလ်ဂေါ်ဘာချော့ဗ် - 2 ရက်ဖွား

= ပါကစ္စတန် အကြီးအကဲဟောင်း - မူရှာရက်ဖ် - 11 ရက်ဖွား

= လုပ်ကြံခံ အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ - 20 ရက်ဖွား
.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

No comments:

Post a Comment