Monday, 18 January 2016

ပိုကျန်းမာသော ဘ၀ဆီသို့ ခြေလှမ်း (၇) လှမ်း

၁။ တစ်နာရီခြား ငါးမိနစ်လောက်စီ လမ်းလျှောက်ပါ။             အမေရိကန်နိုင်ငံ အင်ဒီယားနား တက္ကသိုလ်မှ သုတေသနပြု ထားချက်အရ တစ်နာရီ ထိုင်နေလိုက်တိုင်း ခြေထောက် သွေးကြောများ အလုပ် လုပ်နိုင်စွမ်း (၅၀) ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု သိရသည်။ သွေးကြောများ အလုပ် လုပ်နိုင်စွမ်း ကျဆင်းခြင်းသည် နှလုံးသွေး လည်ပတ်မှုကို အကျပ်အတည်း ဖြစ်စေသဖြင့် နှလုံးရောဂါဖြစ်ဖို့ လမ်းစ ဖြစ်သည်။            လေ့လာမှု စစ်တမ်းတွင် ပါဝင်သူများကို တစ်နာရီ ထိုင်ပြီးတိုင်း ငါးမိနစ်ထ လမ်းလျှောက်ခိုင်းသည့် အခါတွင်ကား သွေးကြောများ၏ လုပ်ငန်းဆောင်တာသည် ပုံမှန် ပြန်ဖြစ်သွားကြောင်း တွေ့ရသည်။ တစ်နေ့လုံး ထိုင်နေပြီးခါမှ လေ့ကျင့်ခန်း လုပ်ငန်းသည် သွေးကြောများ စွမ်းဆောင်ရည်ကျမှုကို  ရာနှုန်းပြည့် မဖြေရှင်းနိုင်။            တစ်နာရီခြား တစ်ခါလောက် ငါးမိနစ်စာ လမ်းထလျှောက်လိုက်ခြင်းကသာ တစ်နာရီလုံး စွမ်းရည် ကျနေခဲ့ခြင်းကို အကောင်းအတိုင်း ပြန်ဖြစ်အောင် ကုစားပေးနိုင်ကြောင်း တွေ့ရသည်။ ၂။ အိပ်ရာသိမ်း၊ အိပ်ရာခင်းကျင်း။             နိုးလျှင် အိပ်ရာသိမ်းကာ စနစ်တကျ ထားရှိခြင်း၊ အိမ်ခါနီးလျှင် အိပ်ရာကို စနစ်တကျ ခင်းကျင်းခြင်းသည် နှစ်ခြိုက်စွာ အိပ်ပျော်စေသော အကြောင်းရင်း ဖြစ်သည်။ အမေရိကန် နိုင်ငံရှိ အိပ်စက်ခြင်းဆိုင်ရာ လေ့လာမှု အဖွဲ့အစည်းက သဘောထား စစ်တမ်း ကောက်ထားချက် အရလည်း အိပ်ရာစနစ်တကျ သိမ်းဆည်း၊ ပြင်ဆင်သူများသည် ညဘက်မှာ ပိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကြကြောင်း တွေ့ရသည်။            အိပ်ရေးဝခြင်းသည် ကျန်းမာဖို့ နံပါတ်တစ် လိုအပ်ချက်ဖြစ်သည်။ မိမိအိပ်မည့် နေရာကို စနစ်တကျ သပ်သပ်ရပ်ရပ် ဖြစ်အောင် ကိုယ်တိုင် ဖန်တီးထားသည် ဟူသော အသိစိတ်ကလူ၌ ကျေနပ်စိတ်ကို ဖြစ်စေခြင်း အကျိုးဆက် အဖြစ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရခြင်း ဖြစ်ကြောင်း အိပ်စက်ခြင်းဆိုင်ရာ လေ့လာမှု အဖွဲ့က သုံးသပ်ပြောကြားသည်။ ၃။ အေးအေးလူလူ လွတ်လွတ် လပ်လပ် စာဖတ်။             ဖုန်းမက်ဆေ့ဂ်ျတွေ၊ ဖေ့စ်ဘွတ်ခ် Notification  တွေနဲ့ လုံးဝ ကင်းလွတ်စွာ အေးအေးလူလူ နာရီဝက်လောက် နစ်မျောပြီး စာဖတ်လိုက်ခြင်းသည် စိတ်အပန်းကို အလွန်ပြေစေ၏။ စာဖတ် ၀ါသနာအိုးများ အတွက်ကား နာရီဝက် ဟူသည် မပြောပလောက်သော ပမာဏသာ ဖြစ်သော်လည်း စာဖတ်ကျင့်နည်း သူတို့အဖို့ကား နာရီဝက်လောက် အေးအေးလူလူ စိတ်နှစ်ပြီး ဖတ်လိုက်ခြင်းသည်ပင် ကြီးစွာသော စိတ်ငြိမ်းချမ်းမှု ရနိုင်ကြောင်း အကြံပြုလိုသည်။             စာကို အေးအေးလူလူ ဖတ်ရှုခြင်းကြောင့် လက်ငင်း အကျိုးအနေဖြင့် စိတ်ဖိစီးမှု ကျစေသည်။ လူကို ငြိမ်းအေးစေသည်။ ကြည်ကြည် လင်လင် တွေးခေါ်နိုင်စွမ်း မြင့်မားစေသည်။ နောက်ဆက်တွဲ ရေရှည် အကျိုးအနေဖြင့်ကား အသိပညာ ဗဟုသုတ များပြားကာ မှန်မှားခွဲခြားနိုင်စွမ်း မြင့်မားသူ ဖြစ်လာမည်။ ဖုန်းများ၊ တဲဘလက်များဖြင့် စာဖတ်ခြင်းမူကား စိတ်အာရုံ ထွေပြားစရာတွေ များသဖြင့် ဖတ်သော စာကို အေးအေးလူလူ ဖတ်ဖြစ်သည့် ဆီမရောက်။ စာအုပ်နဲ့ အေးအေးလူလူ ဖတ်သောအခါမှသာ စာထဲ ရာနှုန်းပြည့် စိတ်ရောက်သလို အထက်ပါလက်ငင်း အကျိုးကျေးဇူးများကိုလည်း ခံစားရနိုင်သည်။ ၄။ တီဗီ အကြည့်လျှော့။             အသက်ကြီးလာလေ တီဗီရှေ့ ထိုင်ဖြစ်နှုန်းလည်း များလာလေ ဖြစ်ကြောင်း ကမ္ဘာတစ်ဝန်း လေ့လာမှု စစ်တမ်းပေါင်းများစွာက ထောက်ပြထားကြသည်။ အချိန်ကြာမြင့်စွာ ထိုင်ပါက ခန္ဓာကိုယ် လုပ်ငန်းစဉ်များ မျှခြေ ပျက်ယွင်းရသည်။ မျှခြေ ပျက်ယွင်းခြင်း အကျိုးဆက်ကား ခန္ဓာကိုယ်ထဲတွင် အဆိုးဓာတ်ကဲ ဓာတ်ပြုမှု၊ သက်ရောက်မှုများ တိုးလာခြင်း ဖြစ်သည်။ ထိုသို့ တိုးလာသဖြင့် ဘက်စုံ ကျန်းမာရေး ထိခိုက်ရသည်။             အထိုင်များသူများတွင် အထင်ရှားဆုံး ဖြစ်ပွားသည့် ရောဂါနှစ်မျိုးမှာ နှလုံးနှင့် ဆီးချိုဖြစ်သည်။ အထိုင်များခြင်းကြောင့် သွေးလှည့်ပတ်မှုစနစ် ကမောက်ကမ ဖြစ်ခြင်းသည် နှလုံးရောဂါဆီသို့ ဦးတည်စေသည်။ အထိုင်များ၍ ခန္ဓာကိုယ် ဇီဝလည်ပတ်မှုစနစ် အားနည်းလာသည့်အခါ ခန္ဓာကိုယ်အတွင်း အဆီများ တိုးလာကာ ခန္ဓာဆဲလ်များက အင်ဆူလင်ဓာတ်ကို တုံ့ပြန်နိုင်စွမ်း နည်းလာခြင်းသည်လည်း ဆီးချိုဖြစ်စေဖို့ လမ်းစဖြစ်သည်။ ၅။ စားပွဲခုံကို ပုံမှန် ပိုးသတ်ပေးပါ။             အရီဇိုးနား တက္ကသိုလ်မှ သုတေသန အဖွဲ့သည် အလုပ်ခွင်ရုံးခန်း တစ်ခန်းအတွင်း စားပွဲခုံများပေါ်သို့ ဗိုင်းရပ်စ် နမူနာများ ဖြန်းပက်ထားလိုက် ပြီးနောက် လေးနာရီ ကြာသည်တွင် အခြေအနေကို စစ်ဆေးကြည့်ရာ စားပွဲခုံများပေါ်မှ ဗိုင်းရပ်စ်များ၏ (၄၀) မှ (၆၀) ရာခိုင်နှုန်းထိသည် ရုံးခန်းအတွင်း လူအများ မကြာမကြာ ကိုင်တွယ်လေ့ ရှိသော ပစ္စည်းများဆီသို့ပါ ပျံ့သွားကြောင်း တွေ့ခဲ့ရသည်။             မည်သည့် နည်းဖြင့် ပျံ့သွားကြောင်း စစ်ဆေးကြည့်သည်တွင် ရုံးခန်းတွင်းရှိ လူများ စားပွဲပေါ် လက်တင်ခြင်း၊ စားပွဲပေါ် တင်ထားသော ပစ္စည်းများကို ကောက်ကိုင်ခြင်းများကြောင့် ထိုလူများ၏ လက်များတွင်ပါ ဗိုင်းရပ်စ်များ ကပ်ပါသွားကာ အခြား ၀တ္ထုပစ္စည်းများသို့ ပျံ့သွားခြင်း ဖြစ်ကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ လက်ကို မကြာမကြာ ဆေးကြောပေးခြင်း၊ စားပွဲခုံများကို ပိုးသတ်ဆေးဖြင့် တစ်နေ့ နှစ်ကြိမ်ခန့် ဖျန်းပေးခြင်းဖြင့် ဗိုင်းရပ်စ်များ ပျံ့နှံ့မှုကို လျှော့ချရမည်။ မျက်နှာကို လက်နဲ့ ပွတ်ပါက ဗိုင်းရပ်စ်များ မျက်စိ၊ ပါးစပ်၊ နှာခေါင်းပေါက်များမှ တစ်ဆင့် ခန္ဓာကိုယ်ထဲ ရောက်နိုင်သဖြင့် တတ်နိုင်သမျှ ရှောင်ကြဉ်ရမည်။ မျက်နှာကို ကိုင်ဖို့လိုလျှင် လက်ကိုဦးစွာ ဆေးကြောရမည်။ ၆။ အီးမေးလ်တွေ ဆိုရှယ် မီဒီယာတွေ တတ်နိုင်သလောက်တော့လျှော့။             ကနေဒါ နိုင်ငံတွင် လူ (၁၂၀) ကို နှစ်စုခွဲကာ တစ်စုကို တစ်ရက်လျှင် သုံးကြိမ်သာ အီးမေးလ်စစ်ခွင့် ပေးသည်။ ကျန်တစ်စုကိုကား ကြိုက်သလောက် ကြည့်စေသည်။ နှစ်ပတ်ကြာ စောင့်ကြည့်ပြီးနောက် ထိုနှစ်စု၏ စိတ်ဖိစီးမှု အခြေအနေကို အကဲဖြတ်သည်။ ပထမ တစ်ပတ်အတွင်းမှာတော့ အီးမေးလ် စစ်ချင်တိုင်း စစ်လို့မရသော အစုသည် စိတ်ဂနာမငြိမ်မှုများ ဖြစ်ပွားခဲ့သည့်တိုင် တစ်ပတ်ကျော် သွားသည့်အခါတွင်ကား ထိုအစုသည် စိတ်တည်ငြိမ်သွားကာ အီးမေးလ် စစ်ချင်တိုင်း စစ်လို့ရသော အစုထက် စိတ်ငြိမ်းချမ်းမှု ပိုရကြကြောင်း တွေ့ရသည်။              နှစ်ပတ်တာ ရလဒ်များကို ကောက်ချက် ဆွဲလိုက်သောအခါ တစ်နေ့ သုံးကြိမ်သာ အီးမေးလ် စစ်သောအစုသည် ကျန်အစုထက် ခန္ဓာကိုယ်တွင်း စိတ်ဖိစီးမှု ဟော်မုန်းထွက်နှုန်း နည်းပါးကြောင်း တွေ့ခဲ့ရသည်။ ၇။ ကြိုတင် ပြင်ဆင်ခြင်းသည် ဘယ်နေရာမှာမဆို ကောင်းသည်။             ကနေဒါ နိုင်ငံတွင် အူမကြီး ကင်ဆာ အတွက် ခွဲစိတ်မှု ခံယူမည့် သူ (၇၇) ဦးကို နှစ်စုခွဲပြီး လက်တွေ့ လေ့လာကြည့်သည်။ တစ်ခုကို ခွဲစိတ်ခန်း မ၀င်ခင် တစ်လ အလိုကတည်းက လေ့ကျင့်ခန်း လုပ်စေခြင်း၊ အာဟာရ မျှတအောင် စနစ်တကျ စားစေခြင်း၊ စနစ်တကျ အနားယူတတ်အောင် သင်ကြားပေးခြင်းများ လုပ်သည်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများလည်း မပျက်မကွက် လုပ်ခိုင်းသည်။               နောက်တစ်စုကိုကား နေမြဲအတိုင်း နေစေသည်။ ခွဲစိတ်မှု ပြီးနောက်တွင် နှစ်စုလုံးမှ လူများကို ရက်သတ္တပတ် ရှစ်ပတ်ကြာ လေ့ကျင့်ခန်း လုပ်စေခြင်း၊ အာဟာရ မျှတအောင် စားစေခြင်း၊ စနစ်တကျ အနားယူစေခြင်းများ လုပ်ခိုင်းသည်။ ရှစ်ပတ် ပြည့်သည့်အခါ အစုနှစ်စု၏ ကောင်းမွန်စွာ လှုပ်ရှား ပြုမူနိုင်စွမ်းကို အကဲဖြတ်ကြည့်ရာ မခွဲစိတ်ခင်ကတည်းက ကြိုကြို တင်တင်ဖြင့် လေ့ကျင့်ခန်းလုပ်၊ အစားဆင်ခြင်၊ စနစ်တကျ အနားယူခဲ့သောအစုသည် ရလဒ် ပိုကောင်း ကြောင်း တွေ့ခဲ့ရသည်။

No comments:

Post a Comment