Monday, 18 January 2016

စပ်ဆေး အန္တရာယ်

မြန်မာနိုင်ငံလူဦးရေရဲ့ ၆၀ရာခိုင်နှုန်းသောပြည်သူတွေဟာ ဆင်းရဲနွမ်းပါးသူတွေဖြစ်ကြပါတယ်။ အဆိုပါဆင်းရဲနွမ်းပါးတဲ့သူတွေဟာ ရောဂါဖြစ်ပြီဆိုရင် နေလို့မဖြစ်လွန်းတဲ့ ဆိုးဆိုးရွားရွားအခြေအနေတွေကလွဲလို့ ဆေးရုံဆေးခန်းသွားဖို့ အတော်လေးကိုဝန်လေးတတ်ကြပါတယ်။ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ဘ၀တွေမှာ ဆေးခန်းသွားပြီး ဆရာဝန်ကိုပေးရတဲ့ဆေးဖိုးကို ဆန်အိုးထဲကဆန်ဖိုးဖြစ်စေချင်တာ အပြစ်တင်စရာမရှိလှပါဘူး။ အဲဒီလိုဆိုတော့ သူတို့တွေရဲ့ဘ၀အတွက်အဓိကကယ်တင်ရှင်ဟာ ကွမ်းယာဆိုင်တွေ၊ ဆေးဆိုင်တွေဆီက စပ်ပေးလိုက်တဲ့ စပ်ဆေးတွေဖြစ်လာပါတော့တယ်။ ဒီစပ်ဆေးတွေဟာ ဆင်းရဲနွမ်းပါးတဲ့သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တကယ့်အားကိုးရာအမှန်ရောဟုတ်ရဲ့လား။ စပ်ဆေးတွေဟာ ကောင်းကျိုးနည်းပြီး လူထုရဲ့ကျန်းမာရေးအခြေအနေကို အဆိုးဘက်ကသာရိုက်ခတ်ပါတယ်လို့ ဆေးလောကပညာရှင်တွေအကုန်လုံးက တညီတညွတ်တည်းလက်ခံထားကြပါတယ်။ ဒါပေမယ့်လည်း ချို့တဲ့တဲ့ပြည်သူအနေနဲ့ကတော့ မျက်စိတစ်ဆုံးထက် မျက်တောင်တစ်ဆုံးကိုသာကြည့်နေနိုင်ပါသေးတယ်။ အဲဒီအတွက် နောက်မှရောဂါဖြစ်ကာမှဖြစ်စေတော့ အခုလောလောဆယ်တော့ဈေးပေါပြီးမြန်မြန်သက်သာစေတဲ့စပ်ဆေးတွေကိုပဲ အားကိုးနေရရှာပါတယ်။ တကယ်တမ်းတော့ နွမ်းပါးချို့တဲ့သူတွေများတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ပတ်သက်ရင်လည်း ဖြေရှင်းရခက်တဲ့ အဖြေရှာမတွေ့တဲ့ပုစ္ဆာတွေအများအပြားရှိနေသေးပြီး ဒီစပ်ဆေးပြဿနာဟာလည်း အဲဒီအဖြေရှာမရသေးတဲ့ပုစ္ဆာတွေထဲကမှ တစ်ပုဒ်အဖြစ်ရှိနေပါတယ်။“အန်တီ မေမေကချောင်းဆိုးနေလို့ ၂၀၀တန်ဆေးတစ်ခွက်လောက်စပ်ပေးလိုက်ပါတဲ့” ကလေးမလေးရဲ့စကားအဆုံးမှာတော့ ဆေးရောင်းနေသူကဘေးမှာအဆင်သင့်ထုပ်ထားတဲ့ ဆေးရောင်စုံထည့်ထားတဲ့အထုပ်ထဲကမှ “ချောင်းဆိုး” လို့ရေးထားတဲ့ ပလပ်စတစ်အိတ်လေးကိုလှမ်းပေးလိုက်ပါတယ်။ ဆေးရောင်းတဲ့သူရဲ့ဘေးနားမှာတော့ အဲဒီချောင်းဆိုးလို့ရေးထားတဲ့ဆေးထုပ်တွေအပြင် “ခေါင်းမူး” “ခေါင်းကိုက်” “၀မ်းပျက်ဝမ်းလျှော”  “ဒူးနာခါးနာ” အစရှိတဲ့ဆေးထုပ်တွေလည်းအမျိုးမျိုးရှိနေပါသေးတယ်။ သူဟာခေါင်းကိုက်လို့ဆိုတဲ့လူလာရင် “ခေါင်းကိုက်” လို့ရေးထားတဲ့ဆေးထုပ်ကိုလှမ်းပေးလိုက်ပါတယ်။ ဒီလိုပဲ ခေါင်းမူး ၀မ်းပျက်ဝမ်းလျှော ဒူးနာခါးနာ လူတွေဆိုရင်လည်း အသင့်ထုပ်ပြီးသားဆေးထုပ်လေးတွေကို တစ်ထုပ်၂၀၀နဲ့ရောင်းလိုက်ရုံပါပဲ။ ရောင်းသူအတွက်လည်း အကျိုးအမြတ်ရသလို လူနာတွေဘက်ကလည်း ခုလောလောဆယ်ဖြစ်နေတဲ့ဝေဒနာသက်သာသွားတဲ့အတွက် နှစ်ဦးနှစ်ဖက်ကျေနပ်နေပါတယ်။ ဒါပေမယ့်လည်း ဒီဆေးဝါးတွေက ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်လဲဆိုတာကိုတော့ ဆေးရောင်းသူရော လူနာပါ မသိကြသလို သိဖို့လည်းမကြိုးစားကြပါဘူး။တတ်ကျွမ်းနားလည်တဲ့ဆေးပညာရှင်တစ်ယောက်ဟာ ရောဂါတစ်ခုကိုကုသရာမှာဆေးဝါးအမျိုးအးစားနှစ်မျိုးကိုသုံးစွဲလေ့ရှိပါတယ်။ ပထမတစ်မျိုးကတော့ ရောဂါကိုပျောက်ကင်းစေဖို့ဖြစ်ပြီး နောက်တစ်မျိုးကတော့ ဝေဒနာကိုသက်သာစေဖို့ဖြစ်ပါတယ်။ ဒီလိုပြောလို့ နားရှုပ်သွားနိုင်ပါတယ်။ ရောဂါနဲ့ဝေဒနာဆိုတာမတူဘူးလားလို့မေးနိုင်ပါတယ်။ ဒီနှစ်မျိုးဟာ တူတယ်ထင်ရပေမယ့် မတူပါဘူး။ ရောဂါဆိုတာဟာ မူလအကြောင်းခံပါ။ ဝေဒနာဆိုတာကတော့ ဒီမူလအကြောင်းရင်းဖြစ်တဲ့ရောဂါကြောင့် လူနာခံစားရတာတွေပါ။ ဥပမာပြောရရင် အူအတက်ပေါက်တဲ့လူနာတစ်ယောက်မှာ လူနာခံစားရတဲ့ဗိုက်အောင့်ခြင်းဟာ ဝေဒနာဖြစ်ပါတယ်။ တကယ်တမ်းကတော့ ဒီဗိုက်အောင့်ရတာဟာ အူအတက်ပေါက်နေတာကြောင့်ဖြစ်တဲ့အတွက် အူအတက်ပေါက်ခြင်းဟာ ဒီဗိုက်အောင့်ရတဲ့အကြောင်းရင်းခံရောဂါဖြစ်ပါတယ်။ ဒီလိုသဘောတရားကိုနားမလည်ဘဲ စပ်ဆေးစပ်တဲ့အခါမှာ ဒီစပ်ဆေးတွေဟာရောဂါအကြောင်းရင်းခံကို မပျောက်ကင်းစေဘဲ ရောဂါကြောင့်ဖြစ်တဲ့ ဝေဒနာကိုသာသက်သာစေပါတယ်။ ခုနကဥပမာကိုပဲပြန်ပေးရရင်တော့ စပ်ဆေးတွေဟာ ဗိုက်အောင့်တာကိုသက်သာသွားစေနိုင်ပါတယ်။ ဒါပေမယ့် တကယ့်အကြောင်းရင်းခံဖြစ်တဲ့ အူအတက်ပေါက်ခြင်းကိုမပျောက်ကင်းစေနိုင်တဲ့အတွက် လူနာအတွက်ပိုဆိုးဖို့ပဲရှိပါတယ်။ အပေါ်ယံကြည့်လိုက်ရင်တော့ ဝေဒနာသက်သာသွားလို့ လူနာခံသာတယ်ဆိုပေမယ့် ဆေးသောက်ပြီးသက်သာသွားတဲ့အခါမှာ တကယ့်ရောဂါကိုလွတ်သွားတဲ့အတွက်ကြောင့် ပိုလို့တောင်အန္တရာယ်ရှိလာပါသေးတယ်။ စပ်ဆေးရဲ့အန္တရာယ်ဟာ အဲလိုမျိုးရောဂါကိုလွတ်သွားရုံလေးပဲတော့မဟုတ်ပါဘူး။ စပ်ဆေးတွေသောက်ပြီး အရိုးပွလာတာ၊ အစာအိမ်သွေးကြောပေါက်တာ၊ ကျောက်ကပ်ပျက်ဆီးတာ၊ ရှိရင်းစွဲရောဂါတွေပိုဆိုးလာတာ၊ ရောဂါပိုးဆေးယဉ်ပါးတာ အစရှိတာတွေဖြစ်လာတတ်ပါတယ်။ ကျွန်တော်တွေ့ဖူးတဲ့လူနာတစ်ယောက်ဟာ မောပြီးကျပ်နေလို့ စပ်ဆေးဆိုင်မှာဆေးစပ်သောက်ပါတယ်။ အဲဒီအခါမှာ ဆေးဆိုင်က Salbutamol နဲ့ Aminophylline လိုမျိုး နှလုံးခုန်တာမြန်စေတဲ့ရင်ကျပ်ပျောက်ဆေးတွေစပ်ပေးလိုက်ပါတယ်။ တကယ်တမ်းတော့ လူနာမောနေတာဟာ ရင်ကျပ် (Asthma) ဖြစ်နေတာမဟုတ်ဘဲ နှလုံးအမောဖောက် (Heart failure) ဖြစ်နေတာဖြစ်တဲ့အတွက် စပ်ဆေးဆိုင်ကပေးလိုက်တဲ့ဆေးသောက်အပြီးမှာ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်ပြီး ဆေးရုံရောက်လာရပါတယ်။ စပ်ဆေးဒဏ်အများဆုံးခံရတဲ့သူတွေဟာ ဆီးချို၊ သွေးတိုး၊ ရင်ကျပ်၊ အဆစ်အမြစ်ကိုက် ရောဂါဝေဒနာရှင်တွေများပါတယ်။ အမြစ်ပြတ်မပျောက်နိုင်တဲ့ ရောဂါတွေဆိုတော့လည်း ဈေးပေါတဲ့ စပ်ဆေးဆိုင်တွေကိုပဲ အဓိကအားကိုးနေရပါတယ်။နွမ်းပါးချို့တဲ့လွန်းလို့ စပ်ဆေးကိုအားကိုးနေရတဲ့သူတွေရှိသလို ဗဟုသုတနည်းလွန်းတဲ့အတွက်လည်း စပ်ဆေးကိုအားကိုးနေကြတဲ့သူတွေလည်းရှိပါတယ်။ စပ်ဆေးစပ်တဲ့လူကို ဆရာဝန်လိုဆေးပညာရှင်ထက် ပိုအားကိုးနေတဲ့သူတွေမြန်မာနိုင်ငံမှာအများအပြားရှိပါသေးတယ်။ အထူးသဖြင့်နယ်မြို့တွေနဲ့ တောဘက်တွေမှာပါ။ သူတို့တွေဟာငွေကြေးအရနွမ်းပါးလို့မဟုတ်ဘဲ ဆရာဝန်ရဲ့ဆေးကစပ်ဆေးလောက်အစွမ်းမထက်ဘူးလို့ထင်တဲ့အတွက် စပ်ဆေးကိုအားကိုးနေကြသူတွေဖြစ်ပါတယ်။ အဲဒီအတွက် သိသာထင်ရှားတဲ့ဥပမာတစ်ခုပေးချင်ပါတယ်။ စက်မှုတက္ကသိုလ်ဆင်းလည်း တီဗွီပြင်တတ်ပါတယ်။ စက်မှုတက္ကသိုလ်ဆင်းမဟုတ်ဘဲ ရှေ့လူကသင်ပြခဲ့လို့သော်လည်းကောင်း၊ သူများပြင်တာကိုအတုခိုးပြီးသော်လည်းကောင်း ဆိုင်ဖွင့်စားနေတဲ့သူလည်း တီဗွီပြင်တတ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးရဲ့ကွာခြားချက်က စက်မှုတက္ကသိုလ်ဆင်း တီဗွီပြင်တဲ့နေရာမှာ သူပြင်လိုက်တဲ့ပစ္စည်းဘယ်လောက်ခံမယ်၊ ဘယ်လောက်အကျိုးရှိသွားမယ်၊ ဘယ်လိုဆိုးကျိုးတွေရှိမယ်ဆိုတာတွေအကုန်လုံးကို စဉ်းစားချင့်ချိန်ပြီးမှ ပြင်ပေးပါတယ်။ အပြင်လူကတော့ အဲဒီလိုအကျိုးအကြောင်းအဆိုးအပြစ်တွေကို နှိုင်းယှဉ်ပြီးသိမြင်နိုင်တဲ့ Knowledge မရှိတဲ့အတွက် သူပြင်တဲ့တီဗွီဟာ ခဏပဲကောင်းရင်လည်းကောင်းမယ်၊ ပိုဆိုးသွားရင်လည်း ဆိုးနိုင်ပါတယ်။ ဆိုလိုချင်တာက အညံ့ဆုံးဆရာဝန်စမ်းသပ်ပြီးပေးလိုက်တဲ့ဆေးဟာ အသိပညာမရှိမစမ်းသပ်ဘဲပေးလိုက်တဲ့ စပ်ဆေးထက်တော့ လူနာအတွက်ပိုအကျိုးရှိနိုင်ပါတယ်။ အနည်းဆုံးတော့ လူနာအတွက်အကျိုးမရှိဘူးဆိုရင်တောင် အကျိုးတော့ပိုမယုတ်သွားနိုင်ပါဘူး။ဒီစပ်ဆေးပြဿနာဟာ လွယ်မယောင်နဲ့ခက်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ကျန်းမာရေးအခြေအနေကို အကြီးမားဆုံးရိုက်ခတ်နေတဲ့တကယ့်အကြောင်းကြီးပါပဲ။ အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံတွေမှာတောင် သတ်မှတ်ထားတဲ့ဘေးဥပုဒ်နည်းစေတဲ့ဆေးဝါးများမှအပ အခြားမည်သည့်ဆေးဝါးကိုမှ ဆရာဝန်အညွှန်းထောက်ခံချက်မပါဘဲ ၀ယ်ယူခွင့်မရှိပါဘူး။ ဥပဒေအရလည်း တင်းတင်းကျပ်ကျပ်ကန့်သတ်ထားပြီး အရေးယူမှုတွေပြုနေပါတယ်။ ဆေးပညာဥပဒေလျော့ရဲလွန်းတဲ့ မြန်မာနိုင်ငံမှာတော့ အခြားဆေးတွေမဆိုထားနဲ့ မူးယစ်နွယ်ဝင်ဖြစ်တဲ့ Tramadol လိုဆေးမျိုးကိုတောင် ဆေးဆိုင်တွေ၊ ကွမ်းယာဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်နေပါတယ်။ ဆေးဝါးတွေကိုထိန်းချုပ်တဲ့ဥပဒေတွေ ရှိနေလင့်ကစား လိုက်နာကျင့်သုံးမှုရော ထိန်းသိမ်းကြပ်မတ်မှုရော မရှိသလောက်နည်းပါးလွန်းတာကြောင့် ပြည်သူတွေကိုဒုက္ခပေးနေတဲ့စပ်ဆေးကိစ္စတွေဖြစ်ပေါ်လာရတာပါ။ ဒါပေမယ့်ဒီပြဿနာကိုဖြေရှင်းနည်းဟာ ဆေးဆိုင်တွေကိုဖမ်းဆီးတာတစ်ခုတည်းမဟုတ်ဘူးဆိုတာကိုတော့မြင်တတ်မှရပါလိမ့်မယ်။ ဒီစပ်ဆေးပြဿနာဟာ ချို့တဲ့နွမ်းပါးသူတွေကိုအခြေပြုပြီးဖြစ်ပေါ်လာတဲ့ပြဿနာဖြစ်တဲ့အတွက်ကြောင့် နွမ်းပါးချို့တဲ့မှုတွေရှိနေသမျှကာလပတ်လုံးရှိနေဦးမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ လုံးဝပျောက်ကင်းသွားအောင်လုပ်ဖို့ခဲယဉ်းပြီး အကောင်းဆုံးမျှော်လင့်နိုင်တာက ဆေးဝါးထိန်းချုပ်ရေးဥပဒေတွေကိုစစ်ဆေးတင်းကျပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအာမခံပေါ်လစီတွေချမှတ်ပေးခြင်း၊ စပ်ဆေးအန္တရာယ်နဲ့စပ်လျဉ်းတဲ့ ကျန်းမာရေးအသိပညာများပေးခြင်း၊ ဆင်းရဲနွမ်းပါးသူများအတွက် အခမဲ့ဆေးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်းတို့ဖြင့်သာ စပ်ဆေးပြဿနာကိုထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဒီကိစ္စတွေအကုန်လုံးဆောင်ရွက်နိုင်ဖို့ဆိုတာကတော့ ပြည်သူလူထု၊အစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းများ အားလုံးပူးပေါင်းကြိုးပမ်းရမယ့်ကိစ္စဖြစ်ပါတယ်။ အဲလိုမျိုးပူးပေါင်းဆောင်ရွက်မှုမျိုး မရှိသေးသမျှ မရနိုင်သေးသမျှတော့ ဒီစပ်ဆေးပုစ္ဆာဟာ အဖြေရှာရခက်နေဦးမှာပါ။

No comments:

Post a Comment