Monday, 18 January 2016

ရင့်ကျက် နားလည်ချိန်မှ မိဘဘ၀ ခံယူခြင်းက ရင်သွေးငယ်များ အတွက် ကောင်းကျိုးပိုရှိနိုင်

     အသက် (၃၀) ၀န်းကျင် မိခင်မှ မွေးဖွားသော ကလေးငယ်များသည် အသက် (၂၀) ၀န်းကျင် အရွယ် မိခင်မှ မွေးဖွားသော ကလေးများထက် ပိုမိုကျန်းမာပြီး ပညာ ပိုတော်သည်ကို တွေ့ရကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဖော်ပြသည်။

            ဆယ်ကျော်သက် မိခင်များနှင့် အသက် (၃၅) နှစ်အထက် မိခင်များ အတွက် လမစေ့သော ကလေးများ မွေးဖွားနိုင်ခြေ ပိုမိုများပြားသည်။ (၃၀) ၀န်းကျင် အမျိုးသမီးများက မွေးသော ကလေးများကား ပိုကျန်းမာပြီး ပညာလည်း ပိုတော်ကြကြောင်း တွေ့ရသည်။

              အသက် (၂၀) အောက်နှင့် (၂၀) ၀န်းကျင် မိခင်များမှ မွေးဖွားသော ကလေးများကား ကြီးထွားနှုန်းနှေးပြီး အထက်တန်းပင် မပြီးသော ကလေးများ ဖြစ်လာမှု အများဆုံး ဖြစ်ကြောင်း လေ့လာမှုက ဖော်ပြထားသည်။

            ရင့်ကျက်  အသက်အရွယ် ရသည့် မိခင်မှာ ကလေး ဖွံ့ဖြိုးမှုအတွက်  ကောင်းကောင်း လုပ်ဆောင်နိုင်သလို အသိဉာဏ် ပြည့်ဝနေပြီ ဖြစ်သဖြင့် စောင့်ရှောက်ရမည့် ကလေး အရေအတွက် များများ ယူလေ့မရှိကြဘဲ ကလေး တစ်ယောက် နှစ်ယောက် လောက်ကိုသာ အားစိုက် ပြုစု စောင့်ရှောက်သဖြင့် ထိုကလေးများသည် ကြီးလာသည့်အခါ ဘက်စုံဖွံ့ဖြိုးမှု ကောင်းနေရခြင်း ဖြစ်ကြောင်း ဗြိတိန် ဆောက်သမ်တန် တက္ကသိုလ်မှ လေ့လာသူ ကယ်ရိုလင်းဖောလ်က ပြောကြားခဲ့သည်။

            အဆိုပါ တွေ့ရှိချက်ကို ဘရာဇီး၊ ဂွာတီမာလာ၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် တောင်အာဖရိက ကဲ့သို့သော ၀င်ငွေ နည်းပါးသော နိုင်ငံနှင့် ၀င်ငွေအလယ် အလတ်ရှိသော နိုင်ငံငါး နိုင်ငံရှိ ကလေး(၁၉၄၀၃) ဦး၏ မိခင် အသက်အရွယ်ပေါ် စစ်တမ်း ကောက်ရယူ လေ့လာရာမှ သိရှိခဲ့ရခြင်း ဖြစ်သည်။

            လေ့လာခဲ့သည့် မိခင်များမှာ ပျမ်းမျှအားဖြင့် အသက် (၂၅) နှစ် ၀န်းကျင်ရှိပြီး ဘရာဇီးရှိ အမျိုးသမီးမှာ အငယ်ဆုံး ဖြစ်ပြီး အသက် (၂၅ ဒသမ ၈) နှစ်ရှိကြကာ ဂွါတီမာလာရှိ အမျိုးသမီးများမှာ အသက်အကြီးဆုံး ဖြစ်ကာ (၂၇ ဒသမ ၂) နှစ် ရှိကြောင်း သိရသည်။

            အသက် (၁၉) နှစ်အောက် မိခင်များမှ မွေးဖွားသော ရင်သွေးများမှာ ပေါင်မပြည့်ဘဲ မွေးဖွားခြင်းနှင့် လမစေ့ဘဲ မွေးဖွားနိုင်သည့် အန္တရာယ် (၂၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းထိ တိုးလာကြောင်း သိရသည်။ အဆိုပါ ကလေးငယ်များမှာ အသက် နှစ်နှစ် အရွယ်တွင် အလယ်တန်းတွင် ကျရှုံးနိုင်ခြေ (၃၀) ရာခိုင်နှုန်းမှ (၄၀) ရာခိုင်နှုန်း အထိ ရှိကြောင်း သိရသည်။

            ပညာ အရည်အချင်း ကလည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်းလည်း သိရသည်။

Source: AFP

No comments:

Post a Comment